အဏုမြူစွမ်းအင်ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့်ရှင်းလင်းချက်များ
အဏုမြူစွမ်းအင်ဦးစီးဌာနအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနစတင်ဖွဲ့စည်းချိန် ၁၉၉၇ ခုနှစ်တွင် ဌာနခွဲ (၄)ခု ဝန်ထမ်းအင်အား (၂၁၄) ဉီးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပေါင်းစည်းဖွဲ့စည်းချိန်၌ အဏုမြူစွမ်းအင် ဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန လက်အောက်တွင် အဏုမြူစွမ်းအင်ဌာနအနေဖြင့် ဆက်လက်ရပ်တည်ခဲ့ပါသည်။ ဖွဲ့စည်းပုံအင်အား (၂၁၃) ဦးဖြင့် ခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် အရာထန်း (၃၁) ဦး၊ အမှုထမ်း(၁၆) ဦး စုစုပေါင်း (၄၇) ဦးဖြင့်သာ ဌာနတာဝန်များကို ထမ်းဆောင်နေပါသည်။
လက်ရှိမူလဖွဲ့စည်းပုံသည် လွန်ခဲ့သည့် (၂၀)နှစ်ကျော်က ရေးဆွဲထားခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အဏုမြူစွမ်းအင်ဥပဒေတွင် ဖော်ပြထားသည့် လုပ်ငန်းတာဝန်များအား ဆောင်ရွက် လျက် ရှိပါသည်။ ၂၀၁၅ ခုနှစ်ခန့်က ပြန်လည်ပြင်ဆင်/ဖျက်သိမ်းရန် လိုအပ်သော ဥပဒေများ ထဲတွင် အဏုမြူစွမ်းအင်ဥပဒေ ပါဝင်ခဲ့ပါသဖြင့် အသစ်၂၀၁၆ ခုနှစ်တွင် နျူကလီးယား ဥပဒေအား ရေးဆွဲခဲ့ပြီး လွှတ်တော်သို့ တင်ပြထားခဲ့ပြီးသော်လည်း ပြဌာန်းနိုင်ခဲ့ခြင်း မရှိသဖြင့် ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပါသည်။ ယင်းဥပဒေကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်း များအားလုံးနှင့် ပြန်လည်ပြင်ဆင်ရေးဆွဲပြီး ၂၀၁၈ ခုနှစ်တွင် လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့ ပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် နျူကလီးယားနည်းပညာသည် ခေတ်နှင့်အညီ ဖွံဖြိုးတိုးတက်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း နျူကလီးယားနည်းပညာ အသုံးချမှုသည်လည်း အထိုက်အလျောက် တိုးတက်နေပြီ ဖြစ်ပါသည်။ နိုင်ငံတွင်း ဓာတ်ရောင်ခြည်နှင့် နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေး၊ နျူကလီယားနှင့် ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းများ လုံခြုံရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် အရေးပေါ်အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ရန်နှင့် တုန့်ပြန်မှုများ ဆောင်ရွက်ရန်နှင့် နျူကလီးယား အဆောက်အုံများ ထိန်းချုပ် စောင့်ကြပ်ရေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်များ လိုအပ်လာသကဲ့သို့ ၎င်းတို့အား ဥပဒေကြောင်းအရ ထိန်းကျောင်းပေးနိုင်မည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရေးနှင့် ပြည်သူလူထု ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန်အတွက် အထောက်အကူပြုနိုင်သည့် နျူကလီးယား နည်းပညာအား ငြိမ်းချမ်းစွာ အသုံးချရေးနှင့် သုတေသနလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက် နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွင် အထောက်အပံ့ ဖြစ်စေရန် အတွက် မူလအဏုမြူစွမ်းအင်ဌာနအား ဖွဲ့စည်းပုံပြင်ဆင် တိုးချဲ့ရန် လိုအပ်လာပါသည်။ သို့ဖြစ်ပါ ၍ အသစ်တိုးချဲ့ ပြင်ဆင်လိုသည့် အဏုမြူစွမ်းအင်ဦးစီးဌာန ဖွဲ့စည်းပုံ (မူကြမ်း)အား အစီရင်ခံ တင်ပြခြင်း ဖြစ်ပါသည်။
မျှော်မှန်းချက် VISION
နိုင်ငံတော်အတွင်းနယ်ပယ်အသီးသီးတွင် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ဘေးကင်းလုံခြုံစွာ အသုံးချနိုင်ရေးအတွက် ထိန်းကြောင်းဆောင်ရွက်ရန် နှင့် နျူကလီးယားနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဉ်ဆက်မပြတ်ပံ့ပိုးပေးနိုင်သည့် အဓိက အဖွဲ့အစည်းအဖြစ် ရပ်တည်သွားရန်။
ရည်မှန်းချက် MISSION
နျူကလီးယားနှင့်ဓာတ်ရောင်ခြည်နည်းပညာကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် ငြိမ်းချမ်းစွာ အသုံးပြုမှု ခိုင်မာသေချာစေရန်အတွက် ဆန်းသစ်တီထွင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စံနှုန်းများနှင့်အညီ ဆောင်ရွက်မှုကို အားပေးမြှင့်တင်သွားရန်။
Nuclear Regulatory body နျူကလီးယားဆိုင်ရာကိစ္စရပ်များကို ထိန်းကြောင်း ကြပ်မတ်သည့် အဖွဲ့အစည်းအနေဖြင့် တာဝန်ယူဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာအဆောက်အအုံ Facilities) များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်ရန်၊
ရည်ရွယ်ချက်
(က) နိုင်ငံတော်အတွင်း နျူကလီးယားနည်းပညာအသုံးချမှုနယ်ပယ် ကျယ်ပြန့်လာစေရေး အတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး သုတေသနလုပ်ငန်းများနှင့် လေ့ကျင့် သင်ကြားပေးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊
(ခ) သဘာဝပတ်ဝန်းကျင်နှင့်ပြည်သူလူထုအား နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်သင့်မှုမှ ကာကွယ်နိုင်ရန်အတွက် ထိန်းကြောင်းကြပ်မတ်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်၊
(ဂ) နျူကလီးယားနည်းပညာကို အသုံးချဆောင်ရွက်နေသည့် လုပ်ငန်းများအတွက် ဓာတ်ရောင်ခြည် ကာကွယ်ရေး ဝန်ဆောင်မှုများပေးရန်၊
(ဃ) အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများအတွက် နျူကလီးယား နည်းပညာ လိုအပ်ချက်များကို ပံ့ပိုးပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် ညှိနှိုင်းဆက်စပ်ဆောင်ရွက် ပေးရန်၊
(င) နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ နိုင်ငံတကာကိစ္စရပ်များတွင် နိုင်ငံတော် ကိုယ်စားပြု အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်ရန်၊
လုပ်ငန်းစဉ်နှင့်ရှင်းလင်းချက်များ
(က) နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုမှု ခိုင်မာစေရန်အတွက် လိုအပ်သည့် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များ ပေါ်ထွက်ရှိလာစေရေးအတွက်ဆောင်ရွက်ခြင်း၊
(ခ) နျူကလီးယားနည်းပညာကို အသုံးချရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုအား နျူကလီးယားနှင့်ဓာတ်ရောင်ခြည်ဘေးအန္တရာယ်သင့်မှုမှ ကင်းဝေးစေရေး အတွက် စံနှုန်းများနှင့်အညီ ဆောင်ရွက်စေခြင်း၊
(ဂ) ဓာတ်ရောင်ခြည်ပင်ရင်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း၊ နျူကလီးယားဒြပ်ပစ္စည်း သို့မဟုတ် ထိန်းချုပ်ပစ္စည်းတစ်မျိုးမျိုးကို ဥပဒေကြောင်းအရ ကြပ်မတ်ထိန်းချုပ်ခြင်း၊
(ဃ) ဓာတ်ရောင်ခြည်နှင့်ထိတွေ့လုပ်ကိုင်နေသည့် လုပ်ငန်းခွင်များမှဓာတ်ရောင်ခြည် လုပ်သား တစ်ဦးချင်းစီ၏ ဓာတ်ရောင်ခြည်သင့်မှုပမာဏကိုတိုင်းတာပေးခြင်း၊
(င) သဘာဝပတ်ဝန်းကျင် ဓာတ်ရောင်ခြည်သင့်မှုပမာဏကို စောင့်ကြည့်တိုင်းတာခြင်း၊ အစားအစာများ၊ အသီးအနှံများတွင် ဓာတ်ရောင်ခြည်သင့်မှုပမာဏကို စောင့်ကြည့်တိုင်းတာ ခြင်းနှင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း၊
(စ) ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင်အသုံးပြုသည့် တိုင်းတာရေး ကိရိယာများ၊ ဓာတ်ရောင်ခြည်ဖြင့် ရောဂါရှာဖွေ ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသည့် တိုင်းတာရေးကိရိယာများ၊ ဓာတ်ရောင်ခြည်ဖြင့်ဆေးကုသ ရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြု သည့် တိုင်းတာရေးကိရိယာများနှင့် ပြင်းအားမြင့် ဓာတ်ရောင်ခြည်တိုင်းတာရေးကိရိယာများအား တိကျမှန်ကန်မှု ရှိစေရန် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ စံကိုက်ညှိပေးခြင်း၊
(ဆ) နျူကလီးယားအသုံးချမှုဆိုင်ရာ လုပ်ဆောင်ချက်များမှထွက်ရှိသော ရေဒီယို သတ္တိကြွစွန့်ပစ်ပစ္စည်းနှင့် အသုံးမပြုတော့သော ဓာတ်ရောင်ခြည်ပင်ရင်းများကို စီမံ ဆောင်ရွက်ခြင်း၊ သယ်ယူပို့ဆောင် ရာတွင် ကြီးကြပ်ခြင်း၊
(ဇ) နျူကလီးယားဒြပ်ပစ္စည်းနှင့် ရေဒီယိုသတ္တိကြွပင်ရင်းများအား သိုလှောင်သိမ်းဆည်း ထားစဉ်၊ အသုံးပြုစဉ်နှင့် သယ်ယူပို့ဆောင်စဉ် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် စီမံ ဆောင်ရွက်ခြင်း၊
(ဈ) နျူကလီးယားဆိုင်ရာနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အရေးပေါ်အခြေအနေများ အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ခြင်း (Nuclear and Radiological Emergency Preparedness and Response) တို့အတွက် စီမံဆောင်ရွက်ခြင်း၊
(ည) မြန်မာနိုင်ငံ၏ နျူကလီးယားအဆောက်အအုံများ ဖွံ့ဖြိုးလာရေးအတွက် စီမံ ဆောင်ရွက်ခြင်း၊
(ဋ) နျူကလီးယားစက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံဆန်းသစ်ခြင်း၊ သုတေသနပြုခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်း၊
(ဌ) မြန်မာနိုင်ငံတွင် ဓာတ်ရောင်ခြည်နည်းပညာကိုအသုံးချမှု ဖွံ့ဖြိုးလာစေရေးအတွက် စီမံဆောင်ရွက်ခြင်း၊
(ဍ) မြန်မာနိုင်ငံတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုး တိုးတက်လာ စေရေးအတွက် သုတေသနပြု ဆောင်ရွက်ခြင်း၊
(ဎ) သဘာဝပတ်ဝန်းကျင်တွင် ဓာတ်ရောင်ခြည်ညစ်ညမ်းမှုနှင့် ဓာတ်ရောင်ခြည် သင့်ရောက်မှု ပမာဏကို တိုင်းတာစစ်ဆေးခြင်း၊ ဓာတ်ရောင်ခြည်အကာအကွယ်ပစ္စည်းများ၏ ဂုဏ်သတ္တိကို စမ်းသပ် သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဏ) သုတေသနလုပ်ငန်းများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဆိုင်ရာနှင့် အဏုဇီဝ ဂုဏ်သတ္တိများ အား ဓာတ်ခွဲစမ်းသပ်ခြင်း၊
(တ) မြန်မာနိုင်ငံက အတည်ပြုပါဝင်ထားသော အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်၊ စာချုပ်စာတမ်း၊ ကွန်ဗင်းရှင်းနှင့် ပဋိညာဉ်များပါ ကတိကဝတ်များကို နိုင်ငံတော်ကိုယ်စား အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊
(ထ) နျူကလီးယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဒ) ဌာန၏ မူဝါဒ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ သုတေသနဆိုင်ရာအချက်အလက်များ၊ မှီငြမ်းကိုးကားနှင့် နည်းပညာစာအုပ်စာတမ်းများ၊ အသိပညာဗဟုသုတများ၊ အရေးပေါ်ဆိုင်ရာ အချက်အလက်များအား အများပြည်သူသိရှိနိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း၊
(ဓ) ပြည်တွင်းပြည်ပ အဏုမြူစွမ်းအင်ဆိုင်ရာ စာတမ်းဖတ်ပွဲ၊ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲ များ၊ အစည်းအဝေးပွဲများတက်ရောက်ခြင်း၊ ကျင်းပခြင်း၊ နည်းပညာဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊
(န) နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နားလည်မှုစာချွန်လွှာ များ ရေးထိုးနိုင်ရေးဆောင်ရွက်ခြင်း၊
(ပ) လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများပြုစုခြင်း၊ ပို့ချခြင်း၊ လေ့ကျင့်သင်ကြားပေးနိုင်ရန် ဆောင်ရွက်ခြင်း၊
(ဖ) တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် နျူကလီးယားနည်းပညာဆိုင်ရာ ဘာသာရပ် များ သင်ကြားပို့ချနိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊