ဓာတု၊ ဇီဝ၊ ရေဒီယိုသတ္တိကြွရောင်ခြည်နှင့် နျူကလီးယားပစ္စည်းဆိုင်ရာ မိတ်ဆက်သင်ခန်းစာ သင်ကြားပို့ချခြင်း (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ အဏုမြူစွမ်းအင်ဦးစီးဌာနမှ တာဝန်ရှိသူများ သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်)တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော စုံထောက်အရာရှိသင်တန်းတွင် ဓာတု၊ ဇီဝ၊ ရေဒီယိုသတ္တိကြွရောင်ခြည်နှင့် နျူကလီးယားပစ္စည်းဆိုင်ရာ မိတ်ဆက်သင်ခန်းစာ (၂-၄-၂၀၂၄) ရက်နေ့တွင် သွားရောက် ပို့ချခဲ့ရာ အရာရှိ သင်တန်းသား စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ထိုသို့ပို့ချရာတွင် ဓာတုလက်နက်များ၊ အဆိပ်လက်နက်များ၊ ဇီဝလက်နက်များ၊ ဓာတုပစ္စည်း ပုံစံများ (Chemical Agents)၊ ဇီဝပစ္စည်းများနှင့် မသမာသူများက ယင်းတို့ကိုအသုံးပြု၍ တိုက်ခိုက်ခြင်းများ၊ တိုက်ခိုက်ခံရမည့်ပစ်မှတ်များ၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ ဝေဒနာခံစားရမှု များ၊ တုံ့ပြန်ဆောင်ရွက်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်ပုံများကို (Power Point) များဖြင့် ရှင်းလင်း ပို့ချခဲ့ပါသည်။

အလားတူ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ မိတ်ဆက်သင်ခန်းစာတွင် နျူကလီးယား နှင့် ဓာတ်ရောင်ခြည်အသုံးချမှုများ၊ နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ၊ ဓာတ်ရောင်ခြည်(Radiation)နှင့် ရေဒီယိုသတ္တိကြွညစ်ညမ်းမှု(Radioactive contamination)၊ နျူကလီးယားလုံခြုံရေး (Nuclear Security)၊ နိုင်ငံတကာတွင် ဖမ်းဆီးရရှိသည့် နျူကလီးယား နှင့် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ၊ ဓာတ်ရောင်ခြည်တိုင်းတာရှာဖွေရေးစက်ကိရိယာများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ အခြေခံများ၊ နျူကလီးယားမှုခင်းပညာနှင့် အထွေထွေများ ကို (Power Point) များဖြင့် အကျဉ်းချုပ်ရှင်းလင်းပို့ချခဲ့ပါသည်။

သင်တန်းပို့ချခြင်းအားဖြင့် လုပ်ငန်းဆက်စပ်ဌာနများအား နျူကလီးယားနှင့်ဓာတ်ရောင်ခြည် ဆိုင်ရာ ဒြပ်ပစ္စည်းများ၊ အသုံးချမှုများ၊ ရေဒီယိုသတ္တိကြွညစ်ညမ်းမှုများ၊ ဓာတ်ရောင်ခြည်ဘေး အန္တရာယ်ကာကွယ်ရေး၊ နျူကလီးယားလုံခြုံရေး၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အရေးပေါ် အခြေအနေပြင်ဆင်မှုနှင့် တုံ့ပြန်မှုတို့တွင် အသုံးပြုသည့် ဓာတ်ရောင်ခြည်တိုင်းတာ၊ ရှာဖွေရေးစက်ကိရိယာများနှင့်နည်းပညာများ နှင့်ပတ်သက်၍ အသိပညာများ၊ အတွေ့အကြုံများ ရရှိလာနိုင်မည်ဖြစ်၍ လုပ်ငန်းဆက်စပ်ဌာနများအချင်းချင်း ပိုမို ပူးပေါင်း ချိတ်ဆက် ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။