ဂမ္မာရောင်ခြည်ပေး အဆောက်အအုံ အုတ်မြစ်ချပွဲ အခမ်းအနား ကျင်းပခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဂမ္မာရောင်ခြည်ပေး အဆောက်အအုံ တည်ဆောက်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ ဓာတ်ရောင်ခြည်ပင်ရင်းနှင့် ဘေးကင်း လုံခြုံရေးဆိုင်ရာ ပစ္စည်းများ၊ ဓာတ်ခွဲခန်း ပစ္စည်းများနှင့် လူ့စွမ်းအားအရင်းအမြစ်တို့ကို ထောက်ပံ့ခြင်းဖြင့် ဂမ္မာရောင်ခြည်ပေး အဆောက်အအုံ ထူထောင်ခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

ဂမ္မာရောင်ခြည်ပေး အဆောက်အအုံ  တည်ဆောက်အသုံးပြုခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများအဖြစ် လတ်ဆတ်စွာ တာရှည်ထားသိုနိုင်ခြင်း၊ စက်မှုလုပ်ငန်း ထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြင့် ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ခြင်း၊ ပြည်တွင်းထွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက် ပစ္စည်းများနှင့် မြေပေါ်မြေအောက် သယံဇာတ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးအား နိုင်ငံတကာ စံချိန် စံနှုန်းများနှင့်အညီ အရည်အသွေးမြင့် ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ခြင်း၊ ကျန်းမာရေးသုံး ကုန်ပစ္စည်းများအား ပိုးသတ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် ပထမဦးဆုံးသော Semi-Commercial Scale ဓာတ်ရောင်ခြည်ပေး အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းဖြစ်သောကြောင့် ဆောက်လုပ်မည့် မြေအနေအထား အကောင်းဆုံး ရွေးချယ်နိုင်ရေး၊ ဓာတ်ရောင်ခြည်ယိုစိမ့်မှု မရှိစေရေး၊ အဆောက်အအုံ ကြံ့ခိုင်ရေး၊ ငလျင်ဒဏ် ခံနိုင်မှုရှိရေးအပြင် အခြားသော သဘာဝ ဘေးအန္တရာယ်ဒဏ် ခံနိုင်အောင် တည်ဆောက်ရန် အသေးစိတ် ထည့်သွင်းစဉ်းစားရမည့် အပိုင်းများကို တွက်ချက်ပြီး လုံခြုံစိတ်ချရသော ဂမ္မာ ရောင်ခြည်ပေး အဆောက်အအုံတစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် စမ်းသပ်စက်ရုံစုဝင်းအတွင်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်၍ အဆောက်အအုံအုတ်မြစ်ချ အခမ်းအနားအား ၁၁-၁-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။