နိုင်ငံတကာသိပ္ပံပြိုင်ပွဲ သတင်းစဉ် (မူကြမ်း)
မြောက်ဝင်ရိုးစွန်းသို့ အခမဲ့ (၁၀) ရက်ကြာ သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်မည့်
“Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း
ရုရှားနိုင်ငံ ROSATOM အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့်အနေဖြင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးအား ကမ္ဘာ့နိုင်ငံ ပေါင်း (၂၂) နိုင်ငံနှင့်အတူ မြန်မာနိုင်ငံမှ အသက် (၁၄) နှစ်နှင့် (၁၆) နှစ်အကြား ကျောင်းသား လူငယ်များ လည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။ မေလ (၅) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့ အထိ အဆင့် (၃) ဆင့်ဖြင့် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ရမှတ်အမြင့်ဆုံးဖြင့် အောင်နိုင်သူ (၁၀) ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်း သို့ (၁၀) ရက်ကြာ အခမဲ့သိပ္ပံ လေ့လာရေးခရီး သွားရောက်ခွင့် ရရှိမည်ဖြစ်သည်။
- စာရင်းသွင်းရန်နောက်ဆုံးရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။
- ဝင်ရောက်ယှဉ်ပြိုင်ရမည့်နေရာ: တရားဝင်ဝက်ဘ်ဆိုက် https://goarctic.energy/ တွင် အွန်လိုင်းမှတစ်ဆင့် အခမဲ့စာရင်းသွင်း ယှဉ်ပြိုင်ရမည်။ (မှတ်ချက် – အကောင့်ဖွင့်ရာတွင် မိမိနိုင်ငံကို “Myanmar” ဟု မှန်ကန်စွာရွေးချယ်ရန် လိုအပ်ပါသည်။)
ယှဉ်ပြိုင်ရမည့် အဆင့် (၃) ဆင့် လမ်းညွှန်
အဆင့် (၁) – အွန်လိုင်းဉာဏ်စမ်းမေးခွန်း (Quiz) ဖြေဆိုခြင်း (မေ ၅ မှ ဇွန် ၃ ထိ)
- သိပ္ပံအခြေပြု ဉာဏ်စမ်းပဟေဠိ (Quiz) ကို ဖြေဆိုရမည်ဖြစ်သည်။
- မေးခွန်းအားလုံးဖြေဆိုပြီး သတ်မှတ်ရမှတ်ရရှိသူများ အဆင့် (၂) သို့ တက်ရောက်ခွင့်ရ မည်။
အဆင့် (၂) – Webinars ဆွေးနွေးပွဲများ တက်ရောက်ခြင်း (မေ ၁၈ မှ ဇွန် ၃ ထိ)
- အဆင့် (၁) အောင်မြင်သူများသည် အာတိတ်ဒေသ ရေကြောင်းပို့ဆောင်ရေး ဘေးကင်း လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသည့် နည်းပညာများ အပါအဝင် Rosatom ၏ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ပတ်သက်သည့် အွန်လိုင်း Webinar များကို လေ့လာ ၍ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။
အဆင့် (၃) – ဗီဒီယိုတင်ဆက်မှု (Video Presentation) ပြုလုပ်ခြင်း (ဇွန် ၅ မှ ၁၅ ထိ)
- အဆင့် (၁) နှင့် အဆင့် (၂) တို့တွင် စုစုပေါင်းရမှတ် အမြင့်ဆုံးရရှိသည့် နိုင်ငံအသီးသီးမှ ဆန်ခါတင် ၁၀ ဦးသည် နောက်ဆုံးအဆင့် လုပ်ဆောင်ချက် ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို “Video Business Card” (ဗီဒီယိုဖြင့် မိတ်ဆက် တင်ပြခြင်း) ပုံစံဖြင့် တင်ပြရမည် ဖြစ်သည်။
ဆုချီးမြှင့်ခြင်း
ဇွန်လတွင် ပြိုင်ပွဲရလဒ်များကို ကြေညာမည်ဖြစ်ပြီး ဆုရရှိသူများသည် မြောက်ဝင်ရိုးစွန်းသို့ သွားရောက်မည့် ကမ္ဘာ့အဆင့်အထူးခရီးစဉ် လက်မှတ်ကို ဆွတ်ခူးရရှိမည်ဖြစ်သည်။
“ဗဟုသုတရေခဲခွဲသင်္ဘော (Icebreaker of Knowledge) စီမံကိန်းကို နိုင်ငံတကာအဆင့်အနေနဲ့ ကျင်းပတာ ဒါဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက ကလေးငယ်တွေ ဟာ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးနဲ့ မြောက်ဝင်ရိုးစွန်းဆီသို့ စိတ်လှုပ်ရှားဖွယ်ရာ ပညာပေးခရီးစဉ်ကို စတင်ကြမှာပါ။ ၁၀ ရက်တာအတွင်းမှာ သူတို့ဟာ ထိပ်တန်းသိပ္ပံပညာရှင် တွေ၊ သိပ္ပံပညာပြန်ကြားရေးကျွမ်းကျင်သူတွေ၊ ဘလော့ဂါတွေနဲ့အတူ သင်္ဘောပေါ်မှာ အာတိတ် ဒေသကို လေ့လာစူးစမ်းကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ကမ္ဘာ့အမြင့်ဆုံးအမှတ်ကို ရောက်ရှိဖို့ အတွက်သာမကဘဲ ဗဟုသုတအမြင်တွေ ကျယ်ပြန့်လာစေဖို့၊ မိတ်ဆွေသစ်တွေရရှိဖို့၊ စံချိန်သစ် တွေတင်နိုင်ဖို့နဲ့ ဖြစ်နိုင်ရင်ဝင်ရိုးစွန်းဝက်ဝံတွေကိုတောင် မြင်တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်” ဟု RAIN ကိုယ်ပိုင်အဖွဲ့အစည်းမှ ပြန်ကြားရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် အလက်ဇန္ဒားယူးစတပ်စ် (Alexandra Yustus) က ပြောကြားခဲ့ပါတယ်။
