ကမ္ဘာ့အက်တမ်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ၂၀၂၃ တွင် ပါဝင်ဆင်နွှဲ

ရန်ကုန် နိုဝင်ဘာ ၁၀

နိုဝင်ဘာ ၁၀ ရက်နေ့တွင်ကျရောက်သော World Science Day ကိုဂုဏ်ပြုကာ ကမ္ဘာ့အက်တမ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ၂၀၂၃(Global Atomic Quiz 2023)ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၉ နာရီမှစ၍ ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။ အဆိုပါပြိုင်ပွဲသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” မှ ဦးဆောင်၍ နိုင်ငံများတွင် နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး နေ့စဉ်လူနေမှုဘဝတွင် နျူကလီးယား နည်းပညာအသုံးချမှုသည် အရေးပါကြောင်း သိရှိကြစေရန်နှင့် နျူကလီးယားစွမ်းအင်ကဏ္ဍကို မီးမောင်းထိုးပြရန် ဖြစ်သည်။ ယင်းပြိုင်ပွဲကို “ROSATOM”မှ ၂၀၂၀ ပြည့်နှစ်က စတင်ကျင်းပခဲ့သည့် သုံးနှစ်အတွင်း ဘာသာစကား ၁၁ မျိုးဖြင့် ပြုလုပ်ခဲ့ရပြီး နိုင်ငံပေါင်း ၇၀ ကျော်မှ စိတ်ပါဝင်စားသူ ၃၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့ကြပြီးဖြစ်သည်။

ယခုနှစ်တွင် ပါဝင်ဖြေဆိုသူများသည် စိန်ခေါ်မှုအသစ်၊ ဗဟုသုတအသစ်များ ရရှိကြပြီး ဘာသာစကား ၁၃ မျိုးဖြင့် ပြုလုပ်ကာ ပါဝင်ဆင်နွဲသူအားလုံးသည် ဝက်ဘ်ဆိုက်ပေါ်တွင် မေးခွန်းများစွာကို တတ်နိုင်သမျှ မှန်ကန်မြန်ဆန်စွာ ဖြေဆိုကြရကာ အနိုင်ရရှိသူအယောက် ၁၀၀ ကို ရွေးချယ်၍ ဆုများချီးမြှင့်သည်။ ပြိုင်ပွဲ Moderator များသည် မော်စကိုမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆောင်ရွက်ကြပြီး ရုရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့၌ တစ်ပြိုင်နက်ကျင်းပရာ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၃၀ နှင့် မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာ/ကွန်ပြူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၃၀ ဖြေဆိုကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ကြည့်ရှု့အားပေးသည်။(အပေါ်ပုံ)

ပဟေဠိပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများကို ယနေ့သိရှိလိုက်သော နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာ ဗဟုသုတအသစ်များကို အခြေခံကာမိမိတို့စိတ်ဝင်စားမှုအလိုက် ဆက်လက်လေ့လာကြပြီး သုတေသနစာတမ်း/ကျမ်းများ ဆက်လက်ပြုစုကြကာ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လက်တွေ့ကျကျအသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်၊ သူငယ်ချင်းများအား ယနေ့သိရှိမှုများကိုပြန်လည်မျှဝေပေးကြရန် တိုက်တွန်း မှာကြားသည်။

ယင်းနောက် ထူးချွန်စွာဖြေဆိုနိုင်သည့်ကျောင်းသား ကျောင်းသူများအား ဒုတိယ ဝန်ကြီးက ဂုဏ်ပြုဆုများချီးမြှင့်ရာ ကျောင်းသား ကျောင်းသူများကကျေးဇူးတင်စကားများ ပြောကြားကြပြီး နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာ မျှော်မှန်းချက် များကိုပါ တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းမှာကြားသည်။

ပြိုင်ပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ သိပ္ပံနှင့် နျူကလီးယား နည်းပညာ ဘာသာရပ်ကို စိတ်ဝင်စားသူများလည်း Online မှတဆင့် ဝင်ရောက်ဖြေဆိုကြသည်။

ယခုပြိုင်ပွဲတွင် အခြားနိုင်ငံများနှင့်အတူယှဉ်ပြိုင်ဆင်နွှဲခြင်းဖြင့် နျူကလီးယားရူပဗေဒ ဆိုင်ရာ အသိပညာအသစ်များကိုသိရှိခြင်း၊ နျူကလီးယားနည်းပညာကိုငြိမ်းချမ်းစွာ အသုံးပြုခြင်း ဆိုင်ရာ နောက်ဆုံးပေါ်တိုးတက်မှုများကို လေ့လာနိုင်ခြင်း၊ အာကာသ/ဆေးပညာ/စိုက်ပျိုးရေးနှင့် အာတိတ်ဒေသစူးစမ်းခြင်းတို့တွင် ခေတ်မီနျူကလီးယားနည်းပညာအသုံးချမှုများကို လေ့လာ နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိကြောင်း သိရသည်။

သတင်းစဉ်