အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ (၆၇)ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ (၆၇)ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
(၂၅-၉-၂၀၂၃ ရက်၊ ဗီယင်နာ)

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၇)ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားကို ၂၅-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားတွင် သဘာပတိရွေးချယ်တင်မြှောက်ခြင်း၊ သဘာပတိက အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ဒုတိယသဘာပတိများ ရွေးချယ်တင်မြှောက်ခြင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဗီယင်နာအခြေစိုက်ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ် Ms. Ghada Fathi Ismail Waly က ဖတ်ကြားခြင်း၊ IAEA ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi က မိန့်ခွန်းပြောကြားခြင်း၊ IAEA ညွှန်ကြားရေးမှူးချုပ်အား ဒုတိယအကြိမ်သက်တမ်း(၂၀၂၃-၂၀၂၇)အတွက် ထပ်မံတာဝန်ပေးသည့် အဆိုမူကြမ်းအား အတည်ပြုခြင်း၊ ညွှန်ကြားရေးမှူးချုပ်က ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် ဂျီ-၇၇နှင့်တရုတ်အုပ်စု၊ အာဆီယံအပါအဝင် ဒေသအုပ်စုများကညွှန်ကြားရေးမှူးချုပ်အား ဂုဏ်ပြုစကားများပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် Agenda-8 အရ General Debate ကို ဆက်လက်ကျင်းပခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပို‌ရေးရှင်း (ROSATOM) က “From Nuclear Marine Propulsion to Innovative SMRS and Development Models” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် Sideline event သို့ တက်ရောက်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင်က မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတွင်း နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ စွမ်းအင်လိုအပ်ချက်များနှင့် Small Modular Reactors (SMR) နည်းပညာ၏ အားသာချက်များကို ရှင်းလင်းပြောကြားခဲ့ ပါသည်။

iaea 67th 1
iaea 67th 2