IAEA က ကြီးမှူးကျင်းပသော Scientific Forum သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

IAEA က ကြီးမှူးကျင်းပသော Scientific Forum သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
(၂၆-၉-၂၀၂၃ ရက်၊ ဗီယင်နာ)

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အနေဖြင့် (၆၇)ကြိမ်မြောက်အထွေ ထွေညီလာခံကာလအတွင်း Nuclear Innovations for Net Zero ခေါင်းစဉ်ဖြင့် Scientific Forum ကို ၂၆-၉-၂၀၂၃ ရက်မှ ၂၇-၉-၂၀၂၃ ရက်အထိ Hybrid format ဖြင့် ကျင်းပလျက်ရှိရာ၊ ဖွင့်ပွဲအခမ်းအနားသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင်နှင့် မြန်မာအဖွဲ့ရုံးမှ ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးတို့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် IAEA ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi က အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဂါနာနိုင်ငံသမ္မတ၊ အမေရိကန်နိုင်ငံစွမ်းအင်ဝန်ကြီး၊ တောင်ကိုရီး ယားနိုင်ငံသိပ္ပံနှင့် ICT ဆိုင်ရာဝန်ကြီး၊ မော်ရိုကိုနိုင်ငံစွမ်းအင်ဝန်ကြီး (အွန်လိုင်း)၊ ဆွီဒင်နိုင်ငံ ရာသီဥတုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယဝန်ကြီးနှင့် ပြင်သစ်နိုင်ငံအဏုမြူစွမ်းအင် ကော်မရှင်မှ အထွေထွေအုပ်ချုပ်ရေးမှူးတို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက် အမှာစကားများ ပြောကြားခဲ့ကြပါသည်။

IAEA ညွှန်ကြားရေးမှူးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရာ၌ “၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝပပျောက်ရေး (Net Zero Emissions by 2050)” ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက် အောင်မြင်ရေးအတွက် လက်ရှိအသုံးပြုနေသော ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်နည်းပညာများအပြင် နျူကလီးယား စွမ်းအင်ကို ယုံကြည်စိတ်ချရသည့်စွမ်းအင်ရင်းမြစ်အဖြစ် အသိအမှတ်ပြုလာပြီဖြစ်ကြောင်း၊ ယခုအခါ လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်သော အဆင့်မြင့်အသေးစား မော်ကျူလာဓာတ်ပေါင်းဖို (Small Modular Reactor -SMR) များကို နိုင်ငံပေါင်း (၁၈) နိုင်ငံတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်း SMR များမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကွန်ရက်ငယ်များအတွက် ပိုမိုသင့်လျော်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များနှင့် လွယ်ကူစွာပေါင်းစပ်နိုင်ကြောင်း၊ ဖွံဖြိုးဆဲနိုင်ငံများရှိ လျှပ်စစ်လိုအပ်ချက်ကိုလည်း ဖြေရှင်းပေးနိုင်မည့်အနေအထား ရှိကြောင်း၊ IAEA Platform on Small Modular Reactors and their Applications နှင့် IAEA ၏ Nuclear Harmonization and Standardization Initiative တို့သည် ကမ္ဘာတစ်ဝှမ်း ဘေးကင်း လုံခြုံစိတ်ချရသည့် SMR များ အသုံးပြုနိုင်ရေးအတွက် ကူညီပံ့ပိုးရာ၌ အဓိကအခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

iaea-scientific-forum 1
iaea-scientific-forum 2