ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် အာရှနှင့် ပစိဖိတ်ဒေသနျူကလီးယားသိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (RCA)ထူထောင်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ်ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

(၂၆-၉-၂၀၂၂ ရက်၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်၍ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင် ပါဝင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၆-၉-၂၀၂၂ ရက်တွင် ဗီယင်နာမြို့ရှိ IAEA ဌာနချုပ်၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အာရှနှင့် ပစိဖိတ်ဒေသ နျူကလီးယား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (Regional Cooperative Agreement -RCA) ထူထောင်ခြင်း နှစ်(၅၀)ပြည့်အထိမ်းအမှတ် ဝန်ကြီးအဆင့်အစည်းအဝေး သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အမြဲတမ်းကိုယ်စားလှယ်က RCA ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှု မူ‌ဘောင်အတွင်း မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် သဘောထားအမြင်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးရာတွင် RCA ပါ သဘောတူညီချက်များအရ အဖွဲ့ဝင် နိုင်ငံများနှင့် IAEA တို့၏ စုပေါင်းကြိုးပမ်းမှုကြောင့် ပြီးခဲ့သော နှစ် ၅၀ ကာလအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ အထူးသဖြင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စက်မှုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည်တို့တွင် အဖွဲ့ဝင်နိုင်ငံများအတွက် နည်းပညာပိုင်းပံ့ပိုးကူညီမှုများကို အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် RCA မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံလိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရာတွင် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၏ အရေးပါမှုနှင့် IAEA က မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပေးအပ်မှုတို့ကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် RCA အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး၊ ၁၉၉၇ ခုနှစ်တွင် RCA ၏ (၂၅) နှစ်မြောက်ငွေရတုအခမ်းအနားနှင့် ၂၀၁၃ ခုနှစ်တွင် ၃၅ ကြိမ်မြောက် RCA အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များအစည်းအဝေးတို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါကြောင်း၊ RCA စီမံကိန်းများသည် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနယ်ပယ်များအတွက် မြန်မာနိုင်ငံ၏ နျူကလီးယား သိပ္ပံနည်းပညာကို အသုံးချမှုများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့တွင် များစွာ အထောက်အကူပြုပေးခဲ့ပါကြောင်း၊ အထူးသဖြင့် ဓာတ်ရောင်ခြည်သုံး၍ သန္ဓေပြောင်းမျိုးပွား စိုက်ပျိုးခြင်း(Mutation Breeding)၊ မြေဆီလွှာနှင့် ရေအရည်အသွေးသုတေသနဆောင်ရွက်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ရောဂါရှာဖွေကုသခြင်းနှင့် အဏုမြူဆေးပညာ၊ ရေဒီယိုအိုင်ဆိုတုပ် နည်းပညာအသုံးချမှုများနှင့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးတို့တွင် နည်းပညာအကူအညီများ ရရှိခဲ့ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနှင့် RCA အဖွဲ့ဝင်နိုင်ငံများအား RCA စီမံကိန်းများမှ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အကျိုးရလဒ်ကောင်းများ ဆောင်ကျဉ်းပေးနေမှုကို ဆက်လက်မြှင့်တင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ RCA ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၃-၉-၂၀၂၂ ရက်တွင် ကျင်းပခဲ့သော RCA ၏ အထွေထွေ ညီလာခံ သို့လည်းကောင်း၊ ၂၆-၉-၂၀၂၂ ရက်၊ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သော RCA နှစ်(၅၀)ပြည့် အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ခဲ့ပါသည်။

နျူကလီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးတို့အတွက် အာရှနှင့် ပစိဖိတ်ဒေသပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (RCA) သည် ၁၂-၆-၁၉၇၂ ရက်တွင် အဖွဲ့ဝင် (၆) နိုင်ငံဖြင့် စတင်အတည်ပြုအသက်ဝင်ခဲ့ပြီး၊ ယခုအခါ အဖွဲ့ဝင် (၂၂) နိုင်ငံပါဝင်ပြီးဖြစ်ကြောင်း၊ IAEA အနေဖြင့် ယင်း၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှတစ်ဆင့် RCA အဖွဲ့ဝင်နိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးနှင့် စက်မှုကဏ္ဍများတွင် အကူအညီများပေးလျက်ရှိကြောင်း သိရှိရပါသည်။